Radio တၢ်ကစီၣ် ကျားဖြန့်

မင်းလက်ပံ ကျားဖြန့် ရုံ ဝင်ရောက်စီးနင်းခံရပြီးနောက် DKBA နယ်မြေထဲရှိ အခြားကျားဖြန့်ရုံမှ လုပ်သားနှင့် ဆက်စပ်ပစ္စည်းများ နေရာရွှေ့ပြောင်း

R2K နိုဝင်ဘာ ၂၈၊ ၂၀၂၅

ဂျိုးလေး၊ ဖိုးတာ

ပြီးခဲ့တဲ့ ၂၁ ရက်နေ့က DKBA ခေါင်းဆောင် အကာအကွယ်နဲ့လည်ပတ်နေတဲ့ မင်းလက်ပံ ကျားဖြန့်ရုံကို မထင်မှတ်ပဲ KNLA ပူပေါင်းတော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်းပြီးနောက် DKBA ရဲ့ နယ်မြေမှာရှိတဲ့ အခြား ကျားဖြန့်အွန်လိုင်းငွေလိမ်ရုံက တရုတ်အလုပ်သမားတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို နေရာရွှေ့ပြောင်းနေကြတယ်လို့ ကိုယ်တိုင်တွေ့ရှိတဲ့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

DKBA နယ်မြေထဲမှာ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ကျောက်ခတ်၊ ဖလူးနဲ့ ဝေါလေ ဒေသတို့ပါဝင်နေတာပါ။ ကျောက်ခတ်မှာ မင်းလက်ပံ ကိစ္စပြီးတဲ့နောက် အထူးသဖြင့် ညဘက်ပိုင်းတွေမှာ လူနဲ့ ပစ္စည်းတွေကို နေရာပြောင်းရွေ့နေကြတယ်လို့ မျက်မြင်တွေ့တဲ့ ဒေသခံတစ်ဦးက R2K ကိုပြောပါတယ်။

“ဟုတ်တယ်၊ အထူးသဖြင့် ညဘက်ပြောင်းတာ၊ ရှုပ်ရှက်ကို ခက်နေတာပဲ” လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ ဘယ်နေရာကို ပြောင်းသွားလဲဆိုတာတော့ ပြောရခက်တယ်လို့ သူက ဆက်ပြောပါတယ်။ DKBA နယ်မြေထဲမှာ ကျားဖြန့် ရုံ(၇) ရုံဝန်းကျင်လောက်ရှိတယ်လို့ သူကပြောပြီး အရေအတွက် ဘယ်လောက်ပြောင်းသလဲ ဆိုတာတော့ မသိရပါဘူး။

DKBA အကာအကွယ်နဲ့ လည်ပတ်နေတဲ့ ကျားဖြန့်ရုံက လူတွေ အနီးအနားက ပိုလှုံခြုံတဲ့နေရာကို ပြောင်းရွေ့တာလည်းရှိနေပြီး နယ်မြေလှုံခြုံရေးအခြေအနေအရ အဝေးကိုသွားဖို့တော့ ခက်တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးကလည်း R2K ကိုအတည်ပြုပြောပါတယ်။

“အဓိကတော့ နိုင်ငံတကာက ဖိအားပေးလာတာတွေ၊ ပြီးတော့ KNU ကလည်း ထုတ်ပြန်ချက်တွေဆက်တိုက် ထုတ်နေတော့ ကြောက်လို့ထွက်ပြေးတာပေါ့” ဆိုပြီး သူ့ရဲ့ အမြင်ကို ပြောပါတယ်။

KNLA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေ DKBA မင်းလက်ပံ ကျားဖြန့်ရုံကို ပြီးခဲ့အပတ် ဝင်ရောက်စီးနင်စဉ်က DKBA တပ်သား ၂၃၀ ကျော်လက်နက်ကျပြီး ထောင်ချီတဲ့ နိုင်ငံခြားသားတွေ လှုံခြုံရေးတင်းကျပ်ထားတဲ့ အွန်လိုင်းငွေလိမ်အဆောက်အဦးထဲမှာ အလုပ်လုပ်နေကြတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သိမ်းဆည်းရမိတဲ့ ကွန်ပျူတာနဲ့ အိုင်တီ ပစ္စည်းတွေကို မဖျက်ဆီးဘဲ သက်သေအထောက်အထားရအောင် ကျွမ်းကျင်သူတွေဆီလွှဲအပ်ပြီး စုံစမ်းဖော်ထုတ်သွားမယ်လို့ KNU က ဆိုထားပါတယ်။

ဒါ့အပြင် ဖလူးလေးမှာလည်း ဆောက်လက်စ ကျားဖြန့်ရုံထဲက ပစ္စည်းတွေကို မနေ့က မနက်မှာ သယ်ထုတ်သွားကြတယ်လို့ နောက်ထပ်မျက်မြင်ဒေသခံ တစ်ဦးကပြောပြီး၊ ဆောက်လုပ်ရေးလုပ်သားတွေကိုလည်း မြဝတီမြို့ဘက် ပြန်တဲ့အခါ ဖြတ်သန်းခွင့်ပြုဖို့ တိုက်ပွဲ ဖြစ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေ့အကြား ညှို့နိုင်းမှုတွေရှိတယ်လို့ဆိုပါတယ်။

ကျားဖြန့်လုပ်သားရွှေ့ပြောင်းတာနဲ့ပတ်သတ်ပြီး DKBA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုက အရင်ရော၊ အခုရော သူတို့ (နိုင်ငံခြား ကျားဖြန့်လုပ်သား) တွေကို ဟိုဘက် (ထိုင်း) က ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ်လာခေါ်တဲ့သူရှိရင်တော့ လွှဲပေးတာရှိတယ်လို့ R2K ကို ပြောပါတယ်။ ဒါနဲ့ပတ်သတ်ပြီး R2K ဆက်လက်ရှင်းပြပေးဖို့ တောင်းဆိုပေမဲ့ ဖြေဆိုဖို့ သူကငြင်းဆိုပါတယ်။

ကျားဖြန့်ကြောင့် ရှုပ်ထွေးလာတဲ့ စစ်ရေး၊ နိုင်ငံရေး

မင်းလက်ပံဖြစ်စဉ်အပြီး DKBA ဌာနချုပ်က နိုဝင်ဘာ ၂၄ မှာ သူ့နယ်မြေအတွင်းမှာ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မှ နိုင်ငံခြားသား သယ်ယူပို့ဆောင်တာ ခွင့်ပြုမှာမဟုတ်ဘူးလို့ ထုတ်ပြန်လာပြီး နောက် ၂ ရက်အကြာမှာ တခြားလက်နက်ကိုင်အဖွဲ့အစည်း ဖြတ်သန်းသွားလာတာကို တားမြစ်လာတာပါ။

ဒီဖြစ်စဉ်ကနေ DKBA က ဝင်ငွေဆုံးရှုံးပြီး၊ အထောက်အထားတွေပါရရှိနေတာကြောင့် နောက်ထပ်ဆုံးရှုံးမှုမရှိအောင် နေရာပြောင်းရွှေ့မှုတွေလုပ်တာအပြင် KNU နဲ့လည်း ဆက်ဆံရေးတင်းမာလာနိုင်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသတွင်း စစ်ရေး၊ နိုင်ငံရေး သုံးသပ်သူ တစ်ဦးက ပြောပါတယ်။

“မင်းလက်ပံ ကိစ္စမဖြစ်ခင်က KNU နဲ့ DKBA ဆက်ဆံရေးက ရန်သူလို့လည်း ပြောလို့မရဘူး၊ မဟာမိတ်လည်း မဟုတ်တဲ့ Neutral လို့ အကြမ်းဖျင်းပြောလို့ရတယ်။ ဒါပေမဲ့ မင်းလက်ပံကိစ္စပြီးတော့ သူတို့နှစ်ဖက် ဆက်ဆံရေးက ယုံကြည့်မှုပိုင်းဆိုင်ရာ ပိုနည်းသွားနိုင်တယ်။

DKBA ဘက်က စိုးရိမ်မှုတွေလည်း ပိုမြင့်တက်လာနိုင်တယ်လို့” ဆိုပါတယ်။ လက်ရှိမှာ စစ်ကော်မရှင်တပ်က မင်းလက်ပံဒေသကို တန်ပြန်ထိုးစစ်ဆင်နေပြီး KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတာအပြင် လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာပါ။

မကြာခင်ကျင်းပမဲ့ စစ်ကော်မရှင်ရွေးကောက်ပွဲထောက်ခံတဲ့ DKBA က တနည်းတဖုံနဲ့ စစ်ကော်မရှင် တန်ပြန်ထိုးစစ်ကို ကူညီပေးနေတယ် အကဲခတ်တွေကဆိုပါတယ်။ “အခုအခြေအနေအရ စစ်ကော်မရှင်တပ်က DKBA ကို ပိုထောက်ခံလာနိုင်တယ်။

ပြီးတော့ DKBA နဲ့ KNU အကြား ဆက်ဆံရေး ပိုတင်းမာလာပြီး ထိတွေ့တိုက်ပွဲတွေပိုဖြစ်လာနိုင်တယ်”လို့ အထက်ပါ သုံးသပ်သူက သတိပေးပါတယ်။

    X